< ဟေရှာယ 45 >

1 ကု​ရု​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် ပေး​တော်​မူ​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​ကို နှိမ်​နင်း​အောင်​မြင်​ရန်​သူ့​အား​ခန့်​ထား​တော် မူ​၏။ ကိုယ်​တော်​သည်​ပြည်​ရှင်​မင်း​တို့​၏​တန်​ခိုး အာ​ဏာ​ကို ရုပ်​သိမ်း​ရန်​သူ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​တွက်​မြို့​တံ​ခါး များ​ကို ဖွင့်​ပေး​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​ကု​ရု​ဘု​ရင်​အား
အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
2 ``ငါ​ကိုယ်​တိုင်​ပင်​တောင်​ကြီး​တောင်​ငယ်​တို့ ကို​ဖြို​၍၊ သင်​၏​အ​တွက်​ခ​ရီး​လမ်း​ကို​ပြင်​ဆင်​မည်။ ငါ​သည်​ကြေး​ဝါ​မြို့​တံ​ခါး​တို့​ကို​ဖျက်​၍ ယင်း​တို့​မှ သံ​ကန့်​လန့်​တန်း​များ​ကို​အ​ပိုင်း​ပိုင်း​ချိုး ပစ်​မည်။
သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
3 မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။
မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
4 ငါ​ရွေး​ချယ်​ထား​သည့်​လူ​မျိုး​တော်၊ ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကူ​ညီ​မ​စ​ရန်​အ​တွက်​သင့်​ကို ငါ​ခန့်​ထား​ခြင်း​ဖြစ်​၏။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင့်​အား ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​ကို​ပေး​ပြီ။
ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
5 ``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။ သင်​သည်​ငါ့​ကို​မ​သိ​သော်​လည်း​ငါ​သည် သင်​လို​အပ်​သော​ခွန်​အား​စွမ်း​ရည်​ကို​ပေး​မည်။
ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
6 ငါ​ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၍၊ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ​ကြောင်း​ကို ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင်၊ ရှိ​သ​မျှ​သော​လူ​တို့​သိ​ရှိ​လာ​ကြ​စေ​ရန် ပင်​ဖြစ်​၏။
သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။
7 ငါ​သည်​အ​လင်း​နှင့်​အ​မှောင်​ကို​ဖန်​ဆင်း​၏။ ကောင်း​ကြီး​မင်္ဂ​လာ​နှင့်​ဘေး​အန္တ​ရာယ်​ကို​ပါ ဆောင်​ယူ​ပေး​၏။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို​ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပေ​သည်။
ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။
8 ငါ​သည်​အောင်​ပွဲ​ကို​မိုး​ရေ​သ​ဖွယ် ကောင်း​ကင်​မှ​ချ​ပေး​မည်။ ယင်း​ကို​ကမ္ဘာ​မြေ​ကြီး​သည်​ဖွင့်​ဟ​ခံ​ယူ​ကာ လွတ်​လပ်​မှု​နှင့်​တ​ရား​မျှ​တ​မှု​တည်း​ဟူ သော အ​သီး​အ​ပွင့်​များ​ကို​ဆောင်​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ များ​ကို ဖြစ်​ပျက်​စေ​တော်​မူ​ပေ​အံ့။''
မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း၏။
9 အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။
အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။
10 ၁၀ မိ​မိ​၏​မိ​ဘ​များ​အား``အ​ဘယ်​ကြောင့် ကျွန်​တော့်​ကို​ဤ​သို့​မွေး​ထုတ်​ကြ​ပါ သ​နည်း'' ဟု ဆို​ဝံ့​သူ​ရှိ​ပါ​သ​လော။
၁၀မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ အ​နာ​ဂတ်​ကို​ပြု​ပြင်​ဖန်​တီး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​သား​သ​မီး​များ​နှင့်​ပတ်​သက်​၍ သင်​တို့​တွင် မေး​ခွန်း​ထုတ်​ပိုင်​ခွင့်​မ​ရှိ။ အ​ဘယ်​အ​မှု​ကို​ငါ​ပြု​သင့်​သည်​ဟု​လည်း ပြော​ဆို​ပိုင်​ခွင့်​မ​ရှိ။
၁၁ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကို စီရင်ကြလော့။
12 ၁၂ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​၍​လူ တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၏။ မိ​မိ​တန်​ခိုး​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​နေ၊လ၊ ကြယ်​တာ​ရာ​များ​ကို​ထိန်း​ချုပ်​၍​ထား​၏။
၁၂မြေကြီးကို ငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ။
13 ၁၃ အ​ရာ​ခပ်​သိမ်း​အ​ဆင်​ပြေ​မှု​အ​တွက်​ငါ​၏ အ​ကြံ​အ​စည်​ပြည့်​စုံ​စေ​ရန်၊ ငါ​ကိုယ်​တိုင်​ပင်​ကု​ရု​ဘု​ရင်​အား လှုံ့​ဆော်​စေ​ခိုင်း​ခဲ့​၏။ သူ​သွား​ရာ​လမ်း​မှန်​သ​မျှ​ကို​ငါ​ဖြောင့်​ဖြူး စေ​မည်။ သူ​သည်​ငါ​၏​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ကာ၊ အ​ဖမ်း​ခံ​နေ​ရ​သူ၊ငါ​၏​လူ​မျိုး​တော်​အား အ​နှောင်​အ​ဖွဲ့​မှ​ဖြေ​လွှတ်​ပေး​လိမ့်​မည်။ ဤ​အ​မှု​တို့​ကို​ပြု​စေ​ရန်၊သူ့​အား​အ​ဘယ် သူ​မျှ မ​ငှား​မ​ယမ်း။ တံ​စိုး​လက်​ဆောင်​လည်း​မ​ပေး'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​သ​တည်း။
၁၃ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ၏။ သူသွားသော လမ်းကို ငါဖြောင့်စေမည်။ သူသည် ငါ၏မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ၏ လူတို့ကို သူသည် အဘိုး မခံ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။
၁၄တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၌ ဆည်းဖူးသောဥစ္စာ၊ ကုရှပြည်သား၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့ လိုက်၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း၌ ရှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပြပ်ဝပ်၍၊ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
15 ၁၅ မိ​မိ​၏​လူ​မျိုး​တော်​တို့​ကယ်​တင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည်၊ လူ့​ဉာဏ်​မျက်​စိ​ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော ဘု​ရား ဖြစ်​တော်​မူ​၏​ဟု​ဝန်​ခံ​ကြ​လိမ့်​မည်။
၁၅အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။
16 ၁၆ ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ ထို​သူ​အား​လုံး​ပင်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
၁၆ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက်၍ မိန်းမောတွေဝေကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
17 ၁၇ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​ကယ်​တင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လျက်​သူ​တို့​၏​အောင်​ပွဲ​သည် ထာ​ဝ​စဉ်​တည်​လိမ့်​မည်။ သူ​တို့​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​သ​ရေ​ပျက်​ကြ​ရ​လိမ့်​မည်​မဟုတ်။' ''
၁၇ဣသရေလအမျိုးမူကား၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည်။
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပြု​ပြင် ဖန်​ဆင်း​တော်​မူ​၍၊ခိုင်​ခန့်​တည်​မြဲ​စေ​တော်​မူ​၏။ ယင်း​ကို​ကိုယ်​တော်​သည်​လူ​သူ​ကင်း​မဲ့​ရာ​နေ​ရာ အ​ဖြစ်​ဖြင့်​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်။ လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​ဖြစ်​ဖြင့်​ဖန်​ဆင်း တော်​မူ​ပေ​သည်။ ကိုယ်​တော်​ကား``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။
၁၈မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည် စေတော်မူသော အရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
19 ၁၉ ငါ​သည်​လျှို့​ဝှက်​၍​မ​ဟော​ပြော။ ငါ​၏​အ​ကြံ​အ​စည်​တော်​ကို​လည်း ထိမ်​ဝှက်​၍​မ​ထား။ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​လူ​သူ ကင်း​မဲ့​သည့်​အ​ရပ်​တွင်​ငါ့​ကို​ရှာ​ဖွေ​စေ​သည် မ​ဟုတ်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သစ္စာ​စ​ကား​ကို​ဆို​၍​အ​မှန်​တ​ရား​ကို ဖော်​ထုတ်​တတ်​၏'' ဟု​မိန့်​တော်​မူ​သော အ​ရှင်​ပင်​ဖြစ်​သ​တည်း။
၁၉ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာ ပြော၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ်၏။
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​လာ​ရောက်​စု​ဝေး​ကြ​လော့။ ဧ​က​ရာဇ်​နိုင်​ငံ​ကျ​ဆုံး​ပြီး​နောက်​အ​သက် မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​အ​ပေါင်း​တို့၊ အ​ချင်း​အ​သိ​ပ​ညာ​ကင်း​မဲ့​သူ​တို့၊ မိ​မိ​တို့​၏​သစ်​သား​ရုပ်​တု​များ​ကို ခင်း​ကျင်း​ပြ​သ​ကာ၊ ကယ်​တင်​နိုင်​စွမ်း​မ​ရှိ​သည့်​ဘု​ရား​များ​ထံ​တွင် ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ​တို့၊ တ​ရား​ဆိုင်​ရန်​လာ​ရောက်​ကြ​လော့။
၂၀သင်တို့သည် စည်းဝေး၍ လာကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့၊ စည်းဝေး ကြလော့။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ။
21 ၂၁ လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။ တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။
၂၁သိတင်းကြားပြောကြလော့။ လူများကို အနီးသို့ ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သော ဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
22 ၂၂ ``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။
၂၂မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
23 ၂၃ ငါ​၏​နှုတ်​ထွက်​စ​ကား​သည်​အ​မှန်​ဖြစ်​သ​ဖြင့် ပြောင်း​လဲ​၍​သွား​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့​သည်​လာ​၍​ငါ​၏​ရှေ့​၌ ဒူး​ထောက်​ကာ၊ ကျေး​ဇူး​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်​ဟု​ကျိန်​ဆို က​တိ​ပြု​ကြ​လိမ့်​မည်။
၂၃ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။
24 ၂၄ ``သူ​တို့​သည်​ငါ့​အား​ဖြင့်​သာ​လျှင်​အောင်​မြင်​မှု​နှင့် ခွန်​အား​စွမ်း​ရည်​ကို​ရ​ရှိ​ကြောင်း​ပြော​ဆို​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။
၂၄ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည်။
25 ၂၅ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး အ​ပေါင်း​ကို​ကယ်​ဆယ်​မည်။ သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။
၂၅ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။

< ဟေရှာယ 45 >