< ကမ္ဘာဦး 23 >
1 ၁ စာရာသည်အသက်တစ်ရာနှစ်ဆယ့်ခုနစ်နှစ်ရှိသော်၊-
2 ၂ ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
3 ၃ အာဗြဟံသည်အလောင်းရှိရာမှထ၍ဟိတ္တိအမျိုးသားတို့ထံသို့သွားပြီးလျှင်၊-
4 ၄ ငါသည်သင်တို့ထံတွင်ဧည့်သည်အာဂန္တုဖြစ်ပါ၏။ ငါ၏မယားအလောင်းကိုမြှုပ်နှံရန်မြေတစ်ကွက်ကိုရောင်းပါ'' ဟုဆိုလေသည်။
5 ၅ သူတို့က``ကျွန်ုပ်တို့အစီရင်ခံပါရစေ။ ကိုယ်တော်သည်ကျွန်ုပ်တို့တွင်တန်ခိုးကြီးသောအကြီးအကဲတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံးသောသင်္ချိုင်းတွင်သင်၏မယားကိုမြှုပ်နှံပါ။ သူ၏အလောင်းကိုမြှုပ်နှံရန်အတွက်သင်္ချိုင်းကိုကျွန်ုပ်တို့ကဝမ်းသာစွာပေးပါမည်'' ဟုအာဗြဟံအားပြန်ပြောကြ၏။
6 ၆
7 ၇ ထိုအခါအာဗြဟံသည်သူတို့ရှေ့တွင်ဦးညွှတ်၍၊
8 ၈ ``သင်တို့သည်ငါ၏မယားအလောင်းကိုဤအရပ်တွင်မြှုပ်နှံစေလိုလျှင် ဇောဟာ၏သားဧဖရုန်ပိုင်မြေကွက်အစွန်း၌ရှိသော၊-
9 ၉ မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။
10 ၁၀ ဧဖရုန်ကိုယ်တိုင်အခြားဟိတ္တိအမျိုးသားတို့နှင့်အတူ မြို့တံခါးအနီးရှိစုဝေးရာအရပ်၌ထိုင်လျက်ရှိသည်။ သူကအာဗြဟံအား၊-
11 ၁၁ ``အစီရင်ခံပါရစေ။ ဂူနှင့်တကွမြေကွက်တစ်ခုလုံးကိုကျွန်ုပ်ပေးပါ၏။ အရှင်၏မယားကိုသင်္ဂြိုဟ်ရန်ကျွန်ုပ်တို့၏အမျိုးသားတို့ရှေ့မှောက်တွင်ထိုမြေကိုကျွန်ုပ်ပေးပါ၏'' ဟုရှိသမျှသောသူတို့ကြားနိုင်အောင်ပြောကြားလေသည်။
12 ၁၂ အာဗြဟံသည်လည်းမြို့သားတို့ရှေ့တွင်ဦးညွတ်၍၊-
13 ၁၃ အများကြားနိုင်အောင်ဧဖရုန်အား``ငါတင်ပြချက်ကိုလက်ခံပါ။ ထိုမြေတစ်ကွက်လုံးကိုငါဝယ်ပါမည်။ မြေဖိုးငွေကိုလက်ခံပါ။ ငါ၏မယားကိုထိုမြေ၌မြှုပ်နှံပါမည်'' ဟုပြန်လည်ပြောကြားလေသည်။
14 ၁၄ ထိုအခါဧဖရုန်က``အရှင်၊ ထိုမြေကွက်သည်ငွေသားလေးရာမျှသာတန်ဖိုးရှိ၏။ ထိုငွေမှာမပြောပလောက်ပါ။ ထိုမြေတွင်အရှင်၏မယားကိုသင်္ဂြိုဟ်ပါလော့'' ဟုဆိုလေ၏။-
15 ၁၅
16 ၁၆ အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
17 ၁၇ ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-
18 ၁၈ ထိုအစည်းအဝေးတွင်ရှိကြသောဟိတ္တိအမျိုးသားအပေါင်းတို့ကထိုမြေကွက်ကိုအာဗြဟံ၏ပိုင်မြေအဖြစ်အသိအမှတ်ပြုကြ၏။
19 ၁၉ ထိုနောက်အာဗြဟံသည်သူ၏မယားစာရာအလောင်းကိုခါနာန်ပြည်ရှိထိုဂူတွင်သင်္ဂြိုဟ်လေသည်။-
20 ၂၀ သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။