< ကမ္ဘာဦး 20 >
1 ၁ အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
၁တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။
2 ၂ သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
၂ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏။
3 ၃ ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
၃ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
4 ၄ သို့ရာတွင်အဘိမလက်သည် သူမအနီးသို့ မချဉ်းကပ်သေး။ သူက``ထာဝရဘုရား၊ အကျွန်ုပ် သည်အပြစ်ကင်းပါ၏။ အကျွန်ုပ်နှင့်အကျွန်ုပ်၏ လူမျိုးကိုဖျက်ဆီးမည်လော။-
၄အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော။
5 ၅ အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
၅သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ။ ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။
6 ၆ အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
၆ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါ ဆီးတားပြီး။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး။
7 ၇ ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
၇ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ ဆုတောင်းလျက်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲ နေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
8 ၈ နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။-
၈နံနက်စောစောအဘိမလက်သည် ထ၍၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။
9 ၉ ထိုနောက်အဘိမလက်သည်အာဗြဟံကိုခေါ် ၍``သင်သည် ငါတို့အားအဘယ်သို့ပြုဘိသနည်း။ သင့်ကိုငါဘယ်ကဲ့သို့ပြစ်မှားမိခဲ့သဖြင့် သင် သည်ငါနှင့်တကွငါ၏နိုင်ငံကိုဘေးဒုက္ခဆိုက် ရောက်စေပါသနည်း။ သင်သည် ငါ့အားမပြုအပ် သည့်အမှုကိုပြုပါသည်တကား။-
၉အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင် သည် ငါတို့၌ အဘယ်သို့ ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကားဟု ဆိုလေ၏။
10 ၁၀ အဘယ်ကြောင့်သင်ဤသို့ပြုပါသနည်း'' ဟု မေးလေသည်။
၁၀တဖန်အဘိမလက်က၊ သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင်၊
11 ၁၁ အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
၁၁အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရား သခင်ကို မကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိ ပါပြီ။
12 ၁၂ စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
၁၂သို့သော်လည်း သူသည်အကျွန်ုပ် နှမမှန်ပါ ၏။ အကျွန်ုပ် အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ်မယားလည်း ဖြစ်ပါ၏။
13 ၁၃ သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။
၁၃ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှ ခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည် ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ၌ ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။
14 ၁၄ ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
၁၄ထိုအခါ အဘိမလက်သည်၊ သိုး၊ နွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမတို့ကိုယူ၍ အာဗြဟံအား ပေးလေ ၏။ မယားစာရာကိုလည်း ပြန်ပေး၏။
15 ၁၅ အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
၁၅အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာ ရှိ၏။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ၏။
16 ၁၆ ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
၁၆စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ၌ အဆုံးအမခံရ၏။
17 ၁၇ အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
၁၇အာဗြဟံသည်လည်း၊ ဘုရားသခင်ကို ဆုတောင်း၍၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ၏ မယား၊ သူ၏ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့်၊ သူတို့သည် သားကိုဘွားကြ၏။
၁၈အထက်က အာဗြံဟံ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်၏အိမ်သူ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း။