< ကမ္ဘာဦး 19 >
1 ၁ ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊-
2 ၂ အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
3 ၃ ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
4 ၄ ဧည့်သည်များအိပ်ရာမဝင်မီယောကျာ်းအကြီးအငယ်အပါအဝင် သောဒုံမြို့သားအပေါင်းတို့သည်လောတ၏အိမ်ကိုဝိုင်းထားကြ၏။-
5 ၅ သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
6 ၆ လောတကအိမ်အပြင်သို့ထွက်၍ တံခါးကိုပိတ်လျက်၊-
7 ၇ အဆွေတို့၊ ဤကဲ့သို့ယုတ်မာသောအမှုကိုမပြုရန် တောင်းပန်ပါ၏။-
8 ၈ ကျွန်ုပ်၌အပျိုစင်သမီးနှစ်ယောက်ရှိပါ၏။ ထိုသမီးတို့ကိုသင်တို့ပြုလိုသမျှအတိုင်းပြုနိုင်ရန် ထုတ်ပေးပါမည်။ ဤသူတို့ကိုကားချမ်းသာပေးကြပါ။ သူတို့သည်အကျွန်ုပ်၏ဧည့်သည်ဖြစ်၍ သူတို့အားစောင့်ရှောက်ရန်အကျွန်ုပ်မှာတာဝန်ရှိပါသည်'' ဟုတောင်းပန်လေ၏။
9 ၉ သို့ရာတွင်သူတို့က``သင်သည်တစ်ရပ်တစ်ကျေးမှလာ၍ ငါတို့ကိုသြဇာမပေးနှင့်။ ဖယ်ပေး၊ မဖယ်ပေးလျှင်သူတို့ခံရသည်ထက်သင်ပို၍ခံရမည်'' ဟုဆိုလေသည်။ သူတို့သည်လောတကိုနောက်သို့ဖိတွန်းလျက် အိမ်တံခါးကိုချိုးဖျက်ရန်ရှေ့သို့တက်လာကြသည်။-
10 ၁၀ သို့ရာတွင်ဧည့်သည်နှစ်ဦးကတံခါးကိုဖွင့်လျက် လောတကိုအိမ်ထဲသို့ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။-
11 ၁၁ ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
12 ၁၂ ဧည့်သည်နှစ်ဦးတို့က``ငါတို့သည်ဤအရပ်ကိုဖျက်ဆီးပစ်မည်ဖြစ်သောကြောင့် မြို့ထဲတွင်သင်နှင့်ဆိုင်သောသင်၏သားသမီး၊ သမက်နှင့်အခြားဆွေမျိုးသားချင်းများရှိကြလျှင်ထွက်ခွာသွားကြစေ။-
13 ၁၃ သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။
14 ၁၄ ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။
15 ၁၅ နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
16 ၁၆ သို့သော်လည်းလောတသည်ဖင့်နွဲလျက်နေ၏။ ထာဝရဘုရားသည်သူ့ကိုသနားတော်မူ၏။ သို့ဖြစ်၍ကောင်းကင်တမန်တို့သည် သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ထုတ်ကြ၏။-
17 ၁၇ ထိုနောက်ကောင်းကင်တမန်တစ်ပါးက``အသက်ဘေးမှလွတ်အောင်ပြေးကြလော့။ နောက်သို့လှည့်မကြည့်နှင့်။ ချိုင့်ဝှမ်းထဲ၌မရပ်နားနေနှင့်။ အသက်ချမ်းသာရာရရန်တောင်ပေါ်သို့ပြေးကြလော့'' ဟုမှာကြားလေသည်။
18 ၁၈ လောတက``ကိုယ်တော်၊ အကျွန်ုပ်တို့တောင်ပေါ်သို့မပြေးပါရစေနှင့်။-
19 ၁၉ ကိုယ်တော်သည်အကျွန်ုပ်အားကျေးဇူးပြုသဖြင့် အသက်ချမ်းသာရာရခဲ့ပါပြီ။ တောင်များသည်ခရီးဝေးလှပါ၏။ တောင်ပေါ်သို့မရောက်မီဘေးသင့်မည်ဟုစိုးရိမ်ရပါ၏။-
20 ၂၀ ရှေ့တွင်မြို့ကလေးတစ်မြို့ရှိပါသည်။ ထိုမြို့သည်နီးသဖြင့်ရောက်လွယ်ပါသည်။ ထိုမြို့သို့ပြေးပါရစေ။ မြို့ငယ်ကလေးဖြစ်၍ အကျွန်ုပ်အတွက်လုံခြုံမှုရှိပါမည်'' ဟုလျှောက်လေ၏။
21 ၂၁ ကောင်းကင်တမန်က``ကောင်းပြီ။ ထိုမြို့ကိုငါမဖျက်ဆီး။-
22 ၂၂ မြန်မြန်ပြေးလော့။ ထိုမြို့သို့သင်မရောက်မီ ငါသည်သောဒုံမြို့ကိုဒဏ်မစီရင်နိုင်'' ဟုဆိုလေ၏။ လောတသည်ထိုမြို့ကိုမြို့ကလေးဟုခေါ်သဖြင့် ဇောရမြို့ဟုနာမည်တွင်လေ၏။
23 ၂၃ နေထွက်ချိန်၌ဇောရမြို့သို့လောတရောက်ရှိလေ၏။-
24 ၂၄ ထိုအခါ၌ထာဝရဘုရားသည် သောဒုံမြို့နှင့်ဂေါမောရမြို့များပေါ်သို့ ကန့်မီးမိုးကိုရွာချစေတော်မူသဖြင့်၊-
25 ၂၅ ထိုမြို့များနှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးရှိလူတို့နှင့်အပင်တို့ကိုသေကြေပျက်စီးစေတော်မူ၏။-
26 ၂၆ လောတ၏မယားကမူနောက်သို့လှည့်ကြည့်မိသဖြင့် ဆားတိုင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
27 ၂၇ နောက်နေ့နံနက်စောစော၌အာဗြဟံသည် ထာဝရဘုရား၏ရှေ့တော်တွင်ရပ်ခဲ့ဖူးသောနေရာသို့အမြန်သွားလေ၏။-
28 ၂၈ သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
29 ၂၉ သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
30 ၃၀ လောတသည်ဇောရမြို့တွင်မနေထိုင်ဝံ့သဖြင့် သမီးနှစ်ယောက်တို့နှင့်အတူတောင်ပေါ်သို့ပြောင်းရွှေ့ပြီးလျှင် လိုဏ်ဂူတစ်ခုအတွင်း၌နေလေ၏။-
31 ၃၁ သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
32 ၃၂ သို့ဖြစ်သောကြောင့်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သူ၏အမျိုးဆက်မပြတ်စေရန်သူနှင့်အတူအိပ်ကြစို့'' ဟုဆိုလေ၏။-
33 ၃၃ ထိုည၌သူတို့သည်ဖခင်အားစပျစ်ရည်တိုက်၍ သမီးအကြီးသည်ဖခင်နှင့်အိပ်လေ၏။ ဖခင်သည်မူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။
34 ၃၄ နောက်တစ်နေ့၌သမီးအကြီးကညီမအား``ယမန်နေ့ညကငါသည်ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညတွင်သူ့အားတစ်ဖန်မူးယစ်စေ၍ သင်ကလည်းငါကဲ့သို့သူနှင့်ဝင်၍အိပ်လော့။ သို့မှသာလျှင်ငါတို့တစ်ယောက်စီ၌ ဖခင်နှင့်သားသမီးမျိုးဆက်ရမည်'' ဟုဆိုလေ၏။-
35 ၃၅ ထိုည၌လည်းသူတို့သည်ဖခင်ကိုစပျစ်ရည်တိုက်၍မူးယစ်စေပြီးလျှင် သမီးအငယ်သည်သူနှင့်အိပ်လေ၏။ ဖခင်လည်းမူးယစ်နေသဖြင့် မိမိပြုသည့်အမှုကိုမိမိမသိချေ။-
36 ၃၆ ထိုသို့အားဖြင့်လောတ၏သမီးနှစ်ယောက်တို့သည် သူတို့၏ဖခင်နှင့်သန္ဓေစွဲကြလေသည်။-
37 ၃၇ သမီးအကြီးတွင်သားတစ်ယောက်ဖွားမြင်၍ မောဘဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိမောဘလူမျိုးတို့၏ဖခင်ဖြစ်သတည်း။-
38 ၃၈ သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။