< ကမ္ဘာဦး 18 >
1 ၁ ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
၁ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
2 ၂ မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
၂မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ ဦးညွတ်ချလျက်၊
3 ၃ ``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
၃အကျွန်ုပ်သခင်၊ ရှေ့တော်၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန်၍မသွားပါနှင့်။
4 ၄ ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
၄ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကို ဆေးပြီး လျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။
5 ၅ အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
၅မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမော အပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ၏။
6 ၆ အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
၆အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍နယ်ပါ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ၏။
7 ၇ အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
၇တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင် စေ၏။
8 ၈ ထိုနောက်မလိုင်၊ နို့နှင့်အမဲဟင်းတို့ကိုဧည့်သည် များရှေ့၌တည်ခင်းသည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက်တွင်ဧည့်ခံကျွေးမွေးသဖြင့် သူတို့သည်စားသုံးကြ၏။
၈ထိုနောက် နို့နှင့် နို့စမ်းကို၎င်း၊ ပြင်ဆင်သော နွားသငယ်ကို၎င်း ယူ၍၊ ထိုသူတို့ရှေ့၌ ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည် စားကြ၏။
9 ၉ သူတို့က``သင်၏မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး၏။ အာဗြဟံက``တဲထဲမှာရှိပါသည်'' ဟုပြန် ဖြေ၏။
၉ပြီးသောအခါ၊ သင်၏ မယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလျှင်၊ တဲအတွင်း၌ ရှိပါသည်ဟု ပြန်ပြော၏။
10 ၁၀ တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
၁၀ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သော အခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနား မှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။
11 ၁၁ အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
၁၁ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ။
12 ၁၂ သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
၁၂ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင် လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ်လေ၏။
13 ၁၃ ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
၁၃သင်၏မယားစာရာက၊ အကယ်၍ ငါသည် အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ် ကြောင့် ရယ်သနည်း။
14 ၁၄ ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
၁၄ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ၏။
15 ၁၅ စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
၁၅စာရာကလည်း ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟုမိန့်တော်မူ၏။
16 ၁၆ ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
၁၆ထိုလူတို့သည် ထိုအရပ်က ထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက် သွားကြ၏။ အာဗြဟံသည်လည်း သူတို့ ကို ပို့ခြင်းငှါ လိုက်လေ၏။
17 ၁၇ ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။-
၁၇ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။
18 ၁၈ သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
၁၈အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
19 ၁၉ သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
၁၉အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရား လမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရ ဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20 ၂၀ ထိုနောက်ထာဝရဘုရားက အာဗြဟံအား ``သောဒုံမြို့နှင့်ဂေါမောရမြို့တို့အား အပြစ် တင်စွပ်စွဲသံပြင်းထန်လှ၏။ ထိုမြို့တို့၏ပြစ် မှုသည်လည်းကြီးလေးလှ၏။-
၂၀တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရ မြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ် လေးသောကြောင့်၊
21 ၂၁ ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
၂၁ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ၏။
22 ၂၂ ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
၂၂ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
23 ၂၃ အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
၂၃ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို၊ မတရားသော သူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။
24 ၂၄ အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
၂၄ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ် ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော။
25 ၂၅ ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
၂၅ထိုသို့ပြု၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို၏။
26 ၂၆ ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
၂၆ထာဝရဘုရားကလည်း၊ သောဒုမြို့၌ ဖြောင့်မတ် သောသူငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ် လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
27 ၂၇ တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
၂၇တဖန်အာဗြဟံက၊ အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကို ယခုလျှောက် မည်ဟု အားထုတ်ပါ၏။
28 ၂၈ သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
၂၈ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌ လေးဆယ့်ငါးယောက်ကို ငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။
29 ၂၉ ``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
၂၉တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော် မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
30 ၃၀ တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
၃၀တဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ် လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။
31 ၃၁ တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
၃၁တဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခု လျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
32 ၃၂ နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
၃၂အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
33 ၃၃ ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။
၃၃ထာဝရဘုရားသည် အာဗြံဟံနှင့် နှုတ်ဆက်ခြင်း အမှုကုန်စင်ပြီးမှ ကြွသွားတော်မူ၏။ အာဗြံဟံသည် လည်း မိမိနေရာအရပ်သို့ ပြန်လေ၏။