< ဧဇရ 5 >
1 ၁ ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-
၁ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရော ဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။
2 ၂ ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
၂ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်း သဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏
3 ၃ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
၃ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊
4 ၄ သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။-
၄ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည် ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊
5 ၅ သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
၅ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ၏။
6 ၆ သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
၆မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊
7 ၇ ထိုအစီရင်ခံစာတွင်``ဧကရာဇ်မင်းဒါရိထံသို့အစီရင်ခံအပ်ပါသည်။ အရှင်သည်ငြိမ်းချမ်းစွာစိုးစံတော်မူနိုင်ပါစေသော။
၇မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။
8 ၈ ``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
၈ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင် အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ။
9 ၉ ``ထိုနောက်အကျွန်ုပ်တို့သည်ပြည်သူ့ခေါင်းဆောင်များအား ထိုဗိမာန်ကိုအဘယ်သူ၏အမိန့်ခွင့်ပြုချက်အရပြန်လည်တည်ဆောက်ကြသည်ကိုမေးမြန်းပါသည်။-
၉ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍၎င်း၊
10 ၁၀ ထိုတည်ဆောက်မှုကိုခေါင်းဆောင်သူများ၏အမည်များကိုလည်း အရှင့်ထံအကြောင်းကြားနိုင်ရန်အကျွန်ုပ်တို့တောင်းယူကြပါသည်။-
၁၀သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမြန်းသော အခါ။
11 ၁၁ သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။-
၁၁သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ၏။
12 ၁၂ သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။-
၁၂ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား၏။
13 ၁၃ ထို့နောက်သူတို့က`ဗာဗုလုန်ဧကရာဇ်ဘုရင်ကုရုသည် မိမိနန်းစံပထမနှစ်၌ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်တော်မူပါ၏။-
၁၃ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။
14 ၁၄ ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။-
၁၄နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန် တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက်၊
15 ၁၅ ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။-
၁၅ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော် ကိုမိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊
16 ၁၆ သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
၁၆ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ၏။
17 ၁၇ ``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိမရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိတော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင်ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက်ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော်မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ'' ဟုဖော်ပြပါရှိလေသည်။
၁၇သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော် ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင်၊ ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။