< ထွက်မြောက်ရာ 33 >
1 ၁ ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။-
2 ၂ သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
3 ၃ သင်တို့ကိုအစာရေစာပေါများ၍မြေ သြဇာထက်သန်သောပြည်သို့ပို့ဆောင်မည်။ သို့ရာတွင်သင်တို့သည်ခေါင်းမာသောလူမျိုး ဖြစ်၍၊ လမ်းခရီး၌သင်တို့ကိုငါသေကြေ ပျက်စီးစေမည်စိုးသောကြောင့် ငါကိုယ်တိုင် သင်တို့နှင့်အတူခရီးမသွား'' ဟုမိန့် တော်မူ၏။
4 ၄ ဣသရေလအမျိုးသားတို့သည် ထိုသို့မိန့် တော်မူသည်ကိုကြားသိရသောအခါ၊ ဝမ်း နည်းပူဆွေးလျက်လက်ဝတ်တန်ဆာများ ကိုမဝတ်ဆင်ကြတော့ချေ။-
5 ၅ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား``သင်တို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။ သင်တို့ နှင့်အတူခဏမျှဖြစ်စေငါသည်ခရီး သွားရလျှင်၊ သင်တို့အားတစ်ယောက်မျှ မကျန်သေကျေပျက်စီးစေမည်။ ယခု ပင်လျှင်သင်တို့၏လက်ဝတ်တန်ဆာများ ကိုချွတ်လော့။ ထိုနောက်မှငါသည်သင်တို့ အားအဘယ်သို့စီရင်ရမည်ကိုဆုံးဖြတ် မည်'' ဟုမိန့်တော်မူ၏။-
6 ၆ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် သိနာတောင်မှထွက်ခွာပြီးသည်နောက်၊ လက် ဝတ်တန်ဆာများကိုမည်သည့်အခါမျှ မဝတ်ကြတော့ချေ။
7 ၇ ဣသရေလအမျိုးသားများစခန်းချ သည့်အခါတိုင်း၊ မောရှေသည်တဲတော်ကို စခန်းအပြင်ဘက်ခပ်လှမ်းလှမ်းအကွာ နေရာတွင်ဆောက်လေ့ရှိ၏။ တဲတော်ကို ထာဝရဘုရားစံတော်မူရာတဲတော် ဟူ၍နာမည်မှည့်ခေါ်၏။ ထာဝရဘုရား ၏အလိုတော်ကိုသိလိုသူသည် ထာဝရ ဘုရားစံတော်မူရာတဲတော်သို့သွား ရသည်။-
8 ၈ တဲတော်သို့မောရှေသွားသည့်အခါတိုင်း၊ လူများသည် မိမိတို့တဲရှေ့တွင်ရပ်လျက်၊ မောရှေတဲတော်သို့ဝင်သွားသည့်အထိ စောင့်ကြည့်လေ့ရှိကြ၏။-
9 ၉ မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။-
10 ၁၀ လူအပေါင်းတို့သည်၊ တဲတော်ဝ၌တိမ် တိုက်ကိုမြင်ရလျှင်၊ ဦးညွှတ်ရှိခိုးကြ၏။-
11 ၁၁ မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။
12 ၁၂ မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
13 ၁၃ ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
14 ၁၄ ထိုအခါထာဝရဘုရားက``ငါသည်သင် နှင့်အတူကြွသွား၍၊ သင့်အားအောင်မြင် ခွင့်ပေးမည်'' ဟုမိန့်တော်မူ၏။
15 ၁၅ မောရှေက``ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူ ကြွသွားတော်မမူလျှင်၊ အကျွန်ုပ်တို့အား ဤအရပ်မှမထွက်ခွာစေတော်မူပါနှင့်။-
16 ၁၆ ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်အတူကြွ သွားတော်မမူပါလျှင်၊ ကိုယ်တော်သည်ကိုယ် တော်၏လူမျိုးတော်နှင့်အကျွန်ုပ်အားနှစ် သက်ကြောင်းမည်သို့သိနိုင်ပါမည်နည်း။ ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိခြင်း ဖြင့်၊ အကျွန်ုပ်တို့သည်ကမ္ဘာပေါ်ရှိလူမျိုး တကာတို့နှင့်ခြားနားကြောင်းကိုသိရ ပါမည်'' ဟုလျှောက်လေ၏။
17 ၁၇ ထာဝရဘုရားကမောရှေအား``ငါသည် သင့်ကိုရင်းနှီးစွာသိ၍နှစ်သက်သဖြင့်၊ သင်တောင်းလျှောက်သည့်အတိုင်းငါပြု မည်'' ဟုမိန့်တော်မူ၏။
18 ၁၈ ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။
19 ၁၉ ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။
20 ၂၀ ငါ့ကိုမြင်သောသူသည်အသက်မရှင်နိုင် သောကြောင့်၊ သင့်အားငါ၏မျက်နှာကိုဖူး မြင်ခွင့်မပေး။-
21 ၂၁ သို့ရာတွင်ငါ့အနားတွင်ရှိသောကျောက် ဆောင်ပေါ်၌ရပ်နေလော့။-
22 ၂၂ ငါ၏တောက်ပသောဘုန်းအသရေတော် ဖြတ်သန်းသွားသည့်အခါ၊ ငါသည်သင့်အား ကျောက်ဆောင်ကြားတွင်နေစေ၍၊ ငါလွန် သွားသည်တိုင်အောင်သင့်ကိုငါ၏လက် တော်ဖြင့်ဖုံးအုပ်ထားမည်။-
23 ၂၃ ထိုနောက်မှငါ၏လက်တော်ကိုရုပ်သိမ်းသ ဖြင့်၊ သင်သည်ငါ၏ကျောကိုဖူးမြင်ရမည်။ ငါ၏မျက်နှာကိုမူကားမဖူးရ'' ဟုမိန့် တော်မူ၏။