< အာမုတ် 3 >
1 ၁ အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
၁အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
2 ၂ ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
၂မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
3 ၃ လူနှစ်ဦးသည်တွေ့ဆုံရန်မချိန်းဆိုဘဲ အတူခရီးပြုနိုင်မည်လော။
၃လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။
4 ၄ ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။ ခြင်္သေ့ပျိုသည်ဘယ်အရာကိုမျှမဖမ်းမိ ဘဲ မိမိဂူအတွင်း၌အကြောင်းမဲ့ကြုံး ဝါးနေမည်လော။
၄ခြင်္သေ့သည် ဘမ်းစရာမရှိလျှင်၊ တော၌ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။
5 ၅ အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။ တစ်စုံတစ်ရာကိုဖမ်းမိသောကြောင့်သာ ကျော့ကွင်းပြုတ်သွားရသည်မဟုတ်လော။
၅မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
6 ၆ မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။
၆မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
7 ၇ အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
၇အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
8 ၈ ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
၈ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။
9 ၉ အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''
၉အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။
10 ၁၀ ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
၁၀မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
11 ၁၁ သို့ကြောင့်ရန်သူတစ်နိုင်ငံသည်သူတို့၏ မြို့များကိုဝိုင်းရံ၍ သူတို့၏ခံတပ်များ ကိုဖြိုခွင်းလိုက်မည်။ သူတို့၏ဘုံနန်းများ ကိုလည်းလုယက်ဖျက်ဆီးလိမ့်မည်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၁ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။
12 ၁၂ ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
၁၂ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည်။
13 ၁၃ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကငါပြောသောစကားကို ယခုပင်နာယူ ပြီးယာကုပ်မျိုးနွယ်တို့အားသတိပေး ဆင့်ဆိုလော့။-
၁၃ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
14 ၁၄ ငါသည်ဣသရေလအမျိုးသားတို့ကို အပြစ်ပေးသောနေ့၌ ဗေသလယဇ်ပလ္လင်တို့ ကိုဖျက်ဆီးလိုက်မည်။ ယဇ်ပလ္လင်တိုင်း၏ထောင့် များ၌ရှိသောဦးချိုတို့ကိုခုတ်လှဲ၍မြေ ပေါ်သို့ကျသွားစေမည်။-
၁၄အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။
15 ၁၅ ငါသည်သူတို့ဇိမ်ခံရာနွေရာသီဂေဟာနှင့် ဆောင်းရာသီအိမ်တော်များကိုဖျက်ပစ်မည်။ ဆင်စွယ်ဖြင့်မွန်းမံသောအိမ်ရာများပြိုလဲ ကြ၍ မဟာဂေဟာမှန်သမျှပျက်စီးရ မည်'' ဟုမိန့်တော်မူ၏။
၁၅ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။