< ၁ ဓမ္မရာဇဝင် 28 >
1 ၁ ကာလအနည်းငယ်ကြာသောအခါဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလပြည်ကို တိုက်ခိုက်ရန်စစ်သည်များကိုစုရုံးကြ၏။ ထိုအခါအာခိတ်သည်ဒါဝိဒ်အား``သင်တို့ လူစုသည်ငါ၏ဘက်မှနေ၍တိုက်ရကြ မည်'' ဟုဆိုလျှင်၊
2 ၂ ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။ အာခိတ်ကလည်း``ကောင်းပြီ။ သင့်အားငါ ၏အမြဲတမ်းသက်တော်စောင့်အဖြစ်ခန့် ထားမည်'' ဟုဆို၏။
3 ၃ ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။
4 ၄ ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။-
5 ၅ ဖိလိတ္တိတပ်မတော်ကိုမြင်သောအခါရှောလု သည်ထိတ်လန့်လျက်၊-
6 ၆ မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-
7 ၇ ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။
8 ၈ ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။
9 ၉ ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။
10 ၁၀ ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊
11 ၁၁ နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
12 ၁၂ နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။
13 ၁၃ မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊
14 ၁၄ ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ထိုသူသည်အိုမင်းသူတစ် ဦးဖြစ်၍ဝတ်လုံကိုခြုံထားပါ၏'' ဟုဖြေ ကြား၏။ ထိုအခါရှောလုသည်ရှမွေလ ဖြစ်ကြောင်းကိုသိသဖြင့် ရိုသေစွာမြေသို့ ဦးညွှတ်လျက်နေ၏။
15 ၁၅ ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
16 ၁၆ ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-
17 ၁၇ ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
18 ၁၈ သင်သည်ထာဝရဘုရား၏အမိန့်တော်ကို လွန်ဆန်၍ အာမလက်အမျိုးသားများနှင့် သူတို့၏ပစ္စည်းဥစ္စာရှိသမျှတို့ကိုအကုန် အစင်မဖျက်ဆီးသဖြင့် ယခုထာဝရ ဘုရားသည်သင့်အားဤသို့ဒဏ်ခတ်တော် မူခြင်းဖြစ်၏။-
19 ၁၉ ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။
20 ၂၀ ရှမွေလ၏စကားကြောင့်ရှောလုသည်ထိတ် လန့်ကာရုတ်တရက်မြေပေါ်သို့လဲကျပြီး လျှင် အလျားမှောက်၍နေလေသည်။ သူသည် တစ်နေ့လုံးတစ်ညဥ့်လုံးမည်သည့်အစား အစာကိုမျှမစားသဖြင့်အားအင် ချည့်နဲ့၍နေ၏။-
21 ၂၁ နတ်ဝင်သည်မသည်သူ့အားသွား၍ကြည့် ရာထိတ်လန့်လျက်နေသည်ကိုတွေ့သဖြင့် ``အရှင်၊ ကျွန်မသည်မိမိအသက်ကိုစွန့်၍ အရှင်ခိုင်းစေရာကိုပြုခဲ့ပါ၏။-
22 ၂၂ ယခုကျွန်မလျှောက်ထားသည့်အတိုင်းအရှင် ပြုတော်မူပါ။ အရှင့်အားကျွန်မအစား အစာအနည်းငယ်ကိုရှေ့တော်၌တင်ပါရ စေ။ အရှင်သည်ခရီးပြုနိုင်အောင်ခွန်အား ရရှိရန်စားတော်ခေါ်ပါ'' ဟုလျှောက်၏။
23 ၂၃ ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-
24 ၂၄ နတ်ဝင်သည်မလည်းမိမိဝအောင်ကျွေးထား သည့်နွားငယ်ကိုအလျင်အမြန်စီရင်၍ မုန့် ညက်အနည်းငယ်ကိုနယ်ကာတဆေးမပါ သောမုန့်ကိုဖုတ်လေ၏။-
25 ၂၅ ထိုနောက်ထိုအစားအစာကိုရှောလုနှင့် ငယ်သားတို့အားကျွေး၏။ သူတို့သည်စား သောက်ကြပြီးလျှင်ထိုညဥ့်၌ပင်ထွက် ခွာသွားကြ၏။