< ၃ ဓမ္မရာဇဝင် 3 >
1 ၁ ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။-
၁ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
2 ၂ ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။-
၂ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
3 ၃ ရှောလမုန်မင်းသည်ထာဝရဘုရားကိုချစ်၍ မိမိခမည်းတော်၏ပြညွှန်သွန်သင်ချက်တို့ ကိုလိုက်နာသော်လည်း တိရစ္ဆာန်များကိုသတ် ၍ယဇ်ပလ္လင်အမျိုးမျိုးတွင်ယဇ်ပူဇော်လေ သည်။
၃ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
4 ၄ ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။-
၄တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
5 ၅ ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
၅ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
6 ၆ ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
၆ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
7 ၇ အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။-
၇ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။
8 ၈ ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။-
၈ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
9 ၉ သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
၉သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
10 ၁၀ ဤသို့ရှောလမုန်တောင်းလျှောက်သည်ကို ထာဝရဘုရားသည်နှစ်သက်တော်မူသဖြင့်၊-
၁၀ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
11 ၁၁ ``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊-
၁၁ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
12 ၁၂ သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
၁၂သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။
13 ၁၃ သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
၁၃ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသော ဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
14 ၁၄ သင်သည်သင်၏ခမည်းတော်ဒါဝိဒ်နည်းတူ ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုလိုက်နာလျှင် ငါသည်သင့်အားကြာရှည် သောအသက်ကိုလည်းငါပေးမည်''ဟုမိန့် တော်မူ၏။
၁၄သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
15 ၁၅ ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
၁၅ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။
16 ၁၆ အခါတစ်ပါး၌ပြည့်တန်ဆာနှစ်ယောက်တို့သည် လာ၍ရှောလမုန်မင်း၏ရှေ့တော်၌ရပ်ကြ၏။-
၁၆ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
17 ၁၇ တစ်ယောက်က``အရှင်မင်းကြီး၊ ကျွန်မသည်ဤ မိန်းမနှင့်တစ်အိမ်တည်းနေထိုင်ပါသည်။ ယင်း သို့နေထိုင်စဉ်သားကလေးတစ်ယောက်ကို ဖွားမြင်ပါသည်။-
၁၇မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
18 ၁၈ ကျွန်မကလေးမွေးပြီး၍သုံးရက်အကြာ တွင် ဤမိန်းမသည်လည်းသားကလေးတစ် ယောက်ကိုဖွားမြင်ပါ၏။-
၁၈သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
19 ၁၉ အိမ်တွင်ကျွန်မတို့နှစ်ဦးသာလျှင်ရှိပါ၏။ အခြားမည်သူမျှမရှိပါ။ တစ်ညသ၌ဤ မိန်းမသည်မိမိ၏သားငယ်ကိုမတော်တဆ ဖိ၍အိပ်မိသဖြင့်သားငယ်သေဆုံးသွားပါ၏။-
၁၉ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။
20 ၂၀ သူသည်ညဥ့်ချင်းတွင်ပင်ထ၍ကျွန်မအိပ်ပျော် နေစဉ် နံဘေးရှိကျွန်မ၏သားငယ်ကိုပွေ့၍မိမိ အိပ်ရာသို့ယူသွားပါ၏။ ထို့နောက်သေနေသော ကလေးကိုကျွန်မ၏အိပ်ရာတွင်ထားပါ၏။-
၂၀သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
21 ၂၁ နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။
၂၁နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။
22 ၂၂ သို့ရာတွင်အခြားမိန်းမက``သင်၏စကား မမှန်ပါ။ အသက်ရှင်လျက်နေသည့်ကလေး သည်ငါ၏ကလေးဖြစ်၍ သေနေသောကလေး မှာသင့်ကလေးဖြစ်ပါသည်'' ဟုဆို၏။ ပထမမိန်းမကလည်း``သင့်စကားမမှန်ပါ။ သေနေသောကလေးသည်သင်၏ကလေးဖြစ် ၍အသက်ရှင်လျက်ရှိသည့်ကလေးမှာငါ၏ ကလေးဖြစ်ပါသည်'' ဟုပြန်ပြောလေ၏။ ဤသို့လျှင်သူတို့နှစ်ဦးသည် မင်းကြီး၏ ရှေ့တော်တွင်ငြင်းခုံလျက်နေကြ၏။
၂၂အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
23 ၂၃ ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊
၂၃ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊
24 ၂၄ ဋ္ဌားတစ်လက်ကိုတောင်းယူတော်မူ၍ ရရှိတော် မူသောအခါ``အသက်ရှင်လျက်ရှိသောကလေး ကိုနှစ်ပိုင်းဖြတ်၍ ဤမိန်းမတို့အားတစ်ပိုင်းစီ ဝေပေးလော့'' ဟုမိန့်တော်မူ၏။
၂၄ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။
၂၅ရှင်ဘုရင်ကလည်း၊ အသက်ရှင်သော သူငယ်ကို ခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
26 ၂၆ မိခင်စစ်သည်မိမိ၏သားကိုချစ်လှသဖြင့် မင်းကြီးအား``အရှင်မင်းကြီး၊ ကလေးကို သတ်တော်မမူပါနှင့်။ ထိုမိန်းမအားပေး တော်မူပါ''ဟုလျှောက်၏။ သို့ရာတွင်အခြားမိန်းမက``ကလေးကိုမည် သူမျှမယူပါစေနှင့်။ နှစ်ပိုင်းဖြတ်တော်မူပါ'' ဟုလျှောက်လေသည်။-
၂၆အသက်ရှင်သောသူငယ်၏ အမိသည် မိမိသား ကို အလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟုဆို၏။
27 ၂၇ ရှောလမုန်က``ကလေးကိုမသတ်နှင့်တော့။ သူ့ကို ပထမမိန်းမအားပေးလော့။ ထိုမိန်းမသည် ကလေး၏မိခင်စစ်ဖြစ်၏'' ဟုမိန့်တော်မူ၏။
၂၇ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
28 ၂၈ ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
၂၈ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။