< ၁ ရာဇဝင်ချုပ် 14 >
1 ၁ တုရုမြို့မှဟိရံမင်းသည်ဒါဝိဒ်ထံသို့ကုန်သွယ် ရေးသံတမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ကာ နန်း တော်တည်ဆောက်ရန်အတွက်အာရဇ်သစ်များ နှင့်တကွ လက်သမားများ၊ ပန်းရံများကို ပေးပို့လိုက်၏။-
၁တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။
2 ၂ သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။
၂ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ၏။
3 ၃ ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ထပ်မံ၍ လက်ထပ်ထိမ်းမြားမှုများကိုပြုသဖြင့် သားသမီးများထပ်မံ၍ရရှိလေသည်။-
၃ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
4 ၄ ယေရုရှလင်မြို့တွင်ရရှိသောသားတို့၏ နာမည်များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှော လမုန်၊-
၄ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
5 ၅ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊-
၅ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊
6 ၆ နောဂ၊ နေဖက်၊ ယာဖျာ၊
၆နောဂ၊ နေဖက်၊ ယာဖျာ၊
7 ၇ ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်ဟူ၍ ဖြစ်၏။
၇ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။
8 ၈ ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။-
၈ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင် အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ၍ လာကြ၏။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။
9 ၉ ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်းသို့ ရောက်ရှိကြသောအခါ လူတို့အားစတင်တိုက် ခိုက်လုယက်ကြကုန်၏။-
၉ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့ အပြားနေကြ၏။
10 ၁၀ ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။ ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။
၁၀ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
11 ၁၁ သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
၁၁ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
12 ၁၂ ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။
၁၂ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။
13 ၁၃ ထိုနောက်များမကြာမီဖိလိတ္တိအမျိုးသား တို့သည် ထိုချိုင့်ဝှမ်းသို့တစ်ဖန်ပြန်လာကြ လျက်စတင်လုယက်တိုက်ခိုက်ကြပြန်၏။-
၁၃တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြား လာ၍နေကြ၏။
14 ၁၄ ဒါဝိဒ်သည်လည်းနောက်တစ်ကြိမ်ဘုရားသခင် အားလျှောက်ထားစုံစမ်းပြန်၏။ ဘုရားသခင် က``သင်သည်ဤအရပ်မှနေ၍မတိုက်နှင့်။ အခြားတစ်ဖက်သို့လှည့်၍သွားပြီးလျှင် သစ်ဆီမွှေးပင်များအနီးမှနေ၍တိုက်လော့။-
၁၄ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတဘက်တချက်၌ ချီရမည်။
15 ၁၅ ငါသည်ဖိလိတ္တိတပ်ကိုဖြိုခွင်းရန်သင်တို့၏ ရှေ့မှချီတက်တော်မူမည်ဖြစ်၍ သင်တို့သည် သစ်ဆီမွှေးပင်ထိပ်ဖျားများတွင်စစ်ချီသံ များကိုကြားရသောအခါတိုက်ခိုက်ကြ လော့'' ဟုမိန့်တော်မူ၏။-
၁၅ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှါ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊
16 ၁၆ ဒါဝိဒ်မင်းသည်ဘုရားသခင်မိန့်တော်မူသည် အတိုင်းပြု၍ ဖိလိတ္တိအမျိုးသားတို့ကိုဂိ ဗောင်မြို့မှသည်ဂါဇေရမြို့သို့တိုင်အောင် နှင်ထုတ်တော်မူ၏။-
၁၆ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။
17 ၁၇ ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။
၁၇ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ၏။